ဂျပန်နိုင်ငံသို့ တင်သွင်းလာမည့် ပိုးသတ်ဆေးများနှင့်တိရစ္ဆာန်ရောဂါကုသရေးဆိုင်ရာ ဆေးဝါး များတွင် အများဆုံးရှိရမည့် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏပါဝင်မှု သတ်မှတ်ချက်များ၊ အစား အစာထပ်ဖြည့်ပစ္စည်းများ (Food Additives) အဖြစ်မှ ပယ်ဖျယ်သွားမည့် ဓာတုပစ္စည်းများနှင့် စပ်လျဉ်းသည့် စံနှုန်းများကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံအနေဖြင့် စားသောက်ကုန်များတွင် ပါဝင်သည့်လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဓာတုပစ္စည်း များနှင့်စပ်လျဉ်းသည့် Positive List System ကို ၂၀၀၆ ခုနှစ်၊မေလ ၂၉ ရက်နေ့တွင် စတင် အသုံးပြုခဲ့ပါကြောင်း၊ ဂျပန်ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချမည့် စားသောက်ကုန်အားလုံးသည် အဆိုပါစနစ်တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရမည် ဖြစ်ပါကြောင်းနှင့် ဂျပန်နိုင်ငံ စားသုံးသူရေးရာအေဂျင်စီအနေဖြင့် ပိုးသတ်ဆေးတွင် ပါဝင်သည့် ဓာတုပစ္စည်းများ ဖြစ်သော Esprocarb၊ Ethaboxam၊ Picarbutrazox၊ Polyoxorim-zinc နှင့် Trifloxystrobin တို့တွင် အများဆုံးရှိရမည့် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏ သတ်မှတ်ချက်များအား ပူးတွဲဇယား တွင် ဖော်ပြထားသည့်အတိုင်း ပြင်ဆင်သွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံ၊ စားသုံးသူရေးရာအေဂျင်စီ၏ ပြင်ဆင်ထုတ်ပြန်ချက်များနှင့်စပ်လျဉ်း၍ မှတ်ချက် ပြုလိုပါက ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါကြောင်း၊ အကယ်၍ ဂျပန်နိုင်ငံ၏ Maximum Residue Limit (MRLs) အား မိမိနိုင်ငံမှ သတ်မှတ်ထားသည့် MRLs အတိုင်းထားရှိပေးရန် ဂျပန်နိုင်ငံအား မေတ္တာရပ်ခံလိုပါက မိမိနိုင်ငံ၏ MRLs နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ပေးပို့ပေးစေလိုကြောင်း ဖော်ပြထားသည်။
ဂျပန်နိုင်ငံ၊ စားသုံးသူရေးရာအေဂျင်စီအနေဖြင့် စားသောက်ကုန်လုပ်ငန်းတွင် အသုံးပြုသည့် ကိရိယာတန်ဆာပလာများ၊ စားသောက်ကုန်ထည့်သွင်းရန်အသုံးပြုသည့်ဘူးများ၊ ထုပ်ပိုးပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ (Apparatus, Containers, Packaging and their Materials)တွင် အသုံးပြုသည့် synthetic resin နှင့်စပ်လျဉ်း၍ ပြန်လည်ပြင်ဆင်ထားသည့် Positive List မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် ထိုသို့ အသက်ဝင်ပြီး နောက်ပိုင်း၌ စားသောက်ကုန်လုပ်ငန်းတွင် အသုံးပြုသည့် ကိရိယာတန်ဆာပလာများ၊ စားသောက်ကုန်ထည့်သွင်းရန်အသုံးပြုသည့်ဘူးများ၊ ထုပ်ပိုးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ (Apparatus, Containers, Packaging and their Materials) တွင် အသုံးပြုလိုသည့် ဓာတု ပစ္စည်းအမျိုးအစားအသစ်များကို လျှောက်ထားလာသည့်အခါ အဆိုပါ ဓာတုပစ္စည်း၏ အမည်နှင့် အသုံးပြုမည့် အခြေအနေများကို အများပြည်သူသို့ ထုတ်ဖော်ပြောကြားစေမည်ဆိုပါက ကုမ္ပဏီ များ၏ မူပိုင်ခွင့်အခွင်အရေးများနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည့်အတွက် အထူးစနစ် တစ်ရပ်ကို ကျင့်သုံးသွားမည် ဖြစ်ပါကြောင်းနှင့် စားသောက်ကုန်လုပ်ငန်းတွင် အသုံးပြုသည့် ကိရိယာတန်ဆာပလာများ၊ စားသောက်ကုန်ထည့်သွင်းရန်အသုံးပြုသည့်ဘူးများ၊ ထုပ်ပိုးပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ (Apparatus, Containers, Packaging and their Materials) တွင် အသုံးပြုသွားမည့် ဓာတုပစ္စည်းများ၏ ဘေးကင်းလုံခြုံမှုရှိ-မရှိကို စစ်ဆေးသွားမည့် လုပ်ငန်းစဉ် နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက် (မူကြမ်း) မှာ ပူးတွဲပါအတိုင်း ဖြစ်ပါကြောင်း သိရှိရသည်။